ကံမ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ကံမမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အထက်တန်းအဆင့် Grade-11 သင်ရိုးသစ် မြို့နယ်အဆင့် Face to Face ဆင့်ပွား သင်တန်းဖွင့်ပွဲ အခမ်းအနားကို အ.ထ.က(ကံမ) မြ၀တီခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ မြို့နယ်ပညာရေးမှူးနှင့် အထက်တန်းဆင့် ဆရာ၊ ဆရာမများ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးရဲလွင်အောင်နှင့် သင်တန်းကြီးကြပ် နည်းပြများက
သင်တန်းနှင့် ပတ်သက်သည့် လုပ်ငန်းဆောင်တာများ၊ လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းမှာကြား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းအား အခြေခံပညာ အထက်တန်းအဆင့် ဆရာ၊ ဆရာမများအနေဖြင့် ပညာရေးစနစ် အရည်အသွေး မြှင့်တင်နေသည့် အချိန်၌ မှန်ကန်သော တန်ဖိုးထားမှု၊ ကျွမ်းကျင်မှု၊ ထိရောက်သော လက်တွေ့ဆောင်ရွက်မှုနှင့် အရည်အသွေးပြည့်ဝကောင်းမွန်သော ဆရာ၊ ဆရာမများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သင်တန်းကို နည်းပြဆရာ ဆရာမ (၁၀) ဦးတို့မှ သင်တန်းသား ဆရာ၊ ဆရာမ (၈၉)တို့အား အခန်း(၇)ခန်းခွဲ၍ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်ဇေယျဝင်း (ကံမ)