မြို့လှတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း လုပ်ငန်းများ ဆောင်ရွက်

မြို့လှ  စက်တင်ဘာ

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့လှမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်မှာကြားချက်များ နှင့်အညီ  ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကျေးလက်ကျန်းမာရေးဌာန ဆေးခန်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက ဆေးထိုး/ဆေးတိုက် လာရောက်ကြသည့် မိခင်များ၊ ကလေးငယ်များအား mask များ စနစ်တကျတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ဆေး ဆပ်ပြာများနှင့် စနစ်တကျ လက်ဆေးစေခြင်းများ ဆောင်ရွက်‌စေပြီးနောက် ကျေးလက်ကျန်းမာ​ရေး ဆရာမ ဒေါ်​မေသဉ္ဇာအေး က လစဉ်ပုံမှန်ကာကွယ်ဆေး တိုက်ကျွေး ထိုးနှံရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့ပြီး ကျေးလက်ကျန်းမာရေး ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ​ မွေးကင်းစမှ အသက်တစ်နှစ် ခွဲအထိ ကလေးသူငယ်များကို ကိုယ်အလေးချိန် တိုင်းတာပေးခြင်း၊ အသည်းရောင် အသားဝါ(B)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်​အမြှေးရောင်​​၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန် အဆုပ်​ရောင်(PCG)၊ ပိုလီယို၊ ဝက်သက်−ဂျိုက်သိုး စသည့် ကာကွယ်ဆေးများကို ကလေးငယ် (၂၀)ဦးကို တိုက်ကျွေး ထိုးနှံပေးခဲ့ကြကြောင်းနှင့် ၂၀၁၀ စက်တင်ဘာလမှ ၂၀၁၁ ဩဂုတ်လအတွင်း မွေးဖွားသည့် မိန်းကလေးများကို သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ကျန်းမာရေးဌာနမှ သိရသည်။

ကျော်မင်းနိုင်(ပြန်/ဆက်)