ကျောင်းကုန်း မေ ၂၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ရီရီလွင်က မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူးဒေါ်သက်ထားဦးက မသန်စွမ်းသူနဲ့မသန်စွမ်းမှု နှစ်မျိုးရှိကြောင်း၊ မသန်စွမ်းမှုအမျိုးအစားများမှာ ကိုယ်အင်္ဂါမသန်စွမ်း၊ ဉာဏ်ရည်မသန်စွမ်း၊ အမြင်အာရုံမသန်စွမ်း၊ အကြားအာရုံမသန်စွမ်း (၄) မျိုးနှင့်ပတ်သက်ပြီး အကြောင်းအရာအသေးစိတ်ကို ရှင်းလင်းပြီး ၎င်းမသန်စွမ်းသူများအတွက်လည်း ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များတွင် သင်တန်းကျောင်းများ ဖွင့်လှစ်ပေးထားပြီး လက်မှုပညာရပ်များကို သင်ကြားပေးလျက်ရှိပါကြောင်း ဆွေးနွေးပေးခဲ့သည်။
အဆိုပါ မသန်စွမ်းသူများ ကူညီထောက်ပံ့ရေးဆိုင်ရာ အသိပညာပေး Talk Show အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန We Love Kyaunggon Page စာမျက်နှာတွင်လည်း လွှင့်တင်ပေးသွားမည်ဖြစ်ပါ၍ ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)