ရေဖြူ မေ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၂_၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် သင်ရိုးသစ် Grade(11)သင်တန်းကို အခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူမြို့၊ ကျောင်းခန်းမဆောင်၌ ယနေ့ နံနက် ၉နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရေဖြူမြို့နယ် ပညာရေးမှူး ဦးမောင်ညိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားကို ရေဖြူမြို့နယ်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ထင်ကိုကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှနောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်း နည်းပြများနှင့် သင်တန်းကြီးကြပ်အဖွဲ့များ၊ သင်တန်းသား/ သင်တန်းသူဆရာ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ်ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည်ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ်(Grade–11) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်းဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးက သိရသည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ် သင်တန်းနည်းပြ (၁၀) ဦးက သင်ကြားပို့ချမည်ဖြစ်ရာ သင်တန်းသား အခြေခံပညာအထက်တန်းပြ ဆရာ၊ ဆရာမ (၃၅)ဦး တက်ရောက်သင်ယူမည်ဖြစ်ပြီး မေလ(၂၁)ရက်နေ့မှ (၂၃)ရက်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခတ္တာ(ရေဖြူ)