ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကျင်းပ

ထားဝယ် မေ  ၂၁

ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဝဥအကြောင်းအသိပညာပေးဆွေးနွေးပွဲ Talk Show ကိုယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနိုင်ဝင်းက ဆွေးနွေးပွဲ Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်အကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးသည် မြေလွတ်မြေလပ် မြေရိုင်းများရှိသည့်အပြင် ဝဥ စိုက်ပျိုးရန် သင့်တော်သောရာသီဥတုဖြစ်နေ၍ အကျိုးအမြတ်များသော သီးနှံဖြစ်သဖြင့် စိုက်ပျိုးထုတ်လုပ်ရန် သင့်တော်သော သီးနှံတစ်ခုဖြစ်ကြောင်း၊ နှစ်ရှည်ပင်များအကြားတွင်လည်း ကြားသီးနှံအဖြစ်ထည့်သွင်းစိုက်ပျိုးကြောင်းစသည်တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းထွန်းက ဝဥသည်မိုးများပြီး ကာလရှည်ကြာ မိုးရွာသွန်းမှုရှိသော စိုစွတ်သော ရာသီဥတုကို ကြိုက်နှစ်သက်ကြောင်း၊  အပင်ကြီးထွားချိန်တွင် မိုးရေချိန်(၆၀)လက်မ ရွာသွန်းပြီး ပြန့်နှံ့ရွာသွန်းကို ကြိုက်နှစ်သက်ကြောင်း၊ အရှေ့တောင်အာရှဒေသရှိ (အပူပိုင်းအာရှဒေသနှင့်အာဖရိကဒေသ)တွင် သဘာဝအလျောက် ပေါက်ရောက်ကြောင်း၊ နိုင်ငံတကာတွင် ဝဥကို ခေါက်ဆွဲမျှင်၊ ဂျယ်လီ၊ အသားတု၊ ပူတင်း၊ ကော်ဖီ၊ သကြားလုံးများအဖြစ် ပုံစံ အမျိုးမျိုးပြုလုပ်၍စားသောက်ကြကြောင်းနှင့်  ဝဥအသုံးဝင်ပုံ၊ ဝဥစိုက်ပျိုးခြင်း အကျိုးအမြတ်များအကြောင်း၊  စိုက်ပျိုးရန်နည်းစနစ်များအကြောင်း၊ ဝဥစိုက်ပျိုးခြင်းဆိုင်ရာ သိကောင်းစရာများ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဦးစီးအရာရှိ ဦးနိုင်ဝင်းက ရှင်းလင်းဆွေးနွေးပြောကြားပေးပါသော စိုက်ပျိုးရေးဦးစီးမှူးအား ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆွေးနွေးပွဲ Talk Show အစီအစဉ်များကို ဆက်လက် ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

ရွှေပင်လယ်(ထားဝယ်)