ဖျာပုံ မေ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား (၄)မြို့နယ် အသက်(၁၉)နှစ်နှင့်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ (၃)နာရီအချိန်က ဖျာပုံမြို့နယ် ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်းနှင့်အဖွဲ့ဝင်များ၊ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ပြည်သူများ တက်ရောက်ကြသည်။
ထို့နောက်၊ ဖျာပုံမြို့နယ် ဘောလုံးအသင်းနှင့် ဒေးဒရဲမြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဖျာပုံမြို့နယ် ဘောလုံးအသင်းက အနိုင်ရရှိပြီး၊ တတိယဆုကိုလည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် ဘိုကလေးမြို့နယ် ဘောလုံးအသင်းနှင့် ကျိုက်လတ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျိုက်လတ်မြို့နယ် ဘောလုံးအသင်းက (၂)ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပရာ ပွဲစဉ်အလိုက် အကောင်းဆုံးအရှေ့တန်း၊ အလယ်တန်း၊ အနောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆု ရရှိကြသူများ၊ ဆုတံဆိပ်များနှင့် ငွေသားဆုများအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ပေးအပ်ကြရာ ဆုရရှိကြသော (၄)မြို့နယ် အားကစားသမားများက လက်ခံရယူကြသည်။
ထို့နောက်ပြိုင်ပွဲတွင် ပထမဆုရ ကျိုက်လတ်မြို့နယ် ဘောလုံးအသင်းအား ငွေသားဆုနှင့် တံခွန်စိုက်ဖလားအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ဒုတိယဆုရ ဘိုကလေးမြို့နယ် ဘောလုံးအသင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်လင်း၊ တတိယဆုရ ဖျာပုံမြို့နယ် ဘောလုံးအသင်းအား ဖျာပုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ဝင်းတို့က ဆုတံဆိပ်နှင့် ငွေသားဆုများ ပေးအပ်ကြရာ သက်ဆိုင်ရာ အားကစားသမားများက အသီးသီး လက်ခံရယူကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)