ပြည်သူများ စာပေဖတ်ရှုမှု တိုးပွားစေရန် ကျုံပျော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ပြပွဲကျင်းပ

ကျုံ ပျော် မေ ၂၀

ပြည်သူများ စာပေဖတ်ရှုမှုတိုးပွားစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်ခရိုင်၊ ကျုံ ပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

စာအုပ်ပြပွဲသို့  Book Club အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူများ လာရောက်ကြည့်ရှုခဲ့ကြပြီး ဗဟုသုတရဖွယ် သုတ၊ ရသ စာအုပ်များ စုံလင်စွာ ပြသပေးခဲ့ရာ  စာအုပ်စာပေချစ် မြတ်နိုးသူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

ထို့နောက် စာအုပ်ပြပွဲ လာရောက်သူများအား ဤဦးစီးဌာနမှ စာအုပ်စာစောင်များ အခမဲ့ငှားရမ်း ဝန်ဆောင်မှုပေးနေမှု၊ ဝင်ရောက်လေ့လာ ဖတ်ရှုနိုင်မှု၊  စာအုပ်များ ထားရှိမှုနှင့်  အသင်းဝင် ငှားရမ်းဖတ်ရှုနိုင်မှုတို့ကို ရှင်းလင်း‌ပြောကြားရာ စာအုပ်ပြပွဲ လာရောက်သူများက ပြည်သူ့ စာကြည့်တိုက်အား ဝင်ရောက်ကြည့်ရှုလေ့လာခဲ့ကြ‌‌ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ အသိဉာဏ် ဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန်၊ စာအုပ်၊ စာစောင်နှင့် ထိတွေ့မှုရှိပြီး စာပေဖတ်ရှု၍ အသိပညာများ ရရှိစေရန်အတွက် ယခုကဲ့သို့ စာအုပ် ပြပွဲများကို ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဌာနအနေဖြင့် ပြည်သူများ စာပေဗဟုသုတ တိုးပွားရရှိ‌စေရန် စာကြည့်တိုက်ဖွင့်လှစ်၍ စာအုပ် စာစောင်များ ငှားရမ်း‌ဝန်‌ဆောင်မှုပေးခြင်း၊ ကလေးစာဖတ်ခန်းဖွင့်လှစ်၍ စာ‌ပေဖတ်ရှုမှု အလေ့အကျင့်‌ကောင်းရရှိရန် ပျိုးထောင်ပေးခြင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပြုလုပ်ကာ စာပေဗဟုသုတ တိုးပွားရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။    

လပြည့်ဦး(ပြန်/ဆက်)