ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်တက္ကသိုလ်၌ ကျင်းပသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်

လွိုင်ကော် မေ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆရာ၊ ဆရာမသစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ်၊ ကိန္နရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ကယားပြည်နယ်၏ ဂုဏ်ဆောင် လွိုင်ကော်တက္ကသိုလ်တွင် ဝိဇ္ဇာသိပ္ပံအထူးပြုဘာသာရပ်ဌာန (၁၃)ဌာနရှိပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ စီးပွားရေးပညာဌာနကို တိုးချဲ့ဖွင့်လှစ်နိုင်သည့်အပြင် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အကျိုးပြုနိုင်သည့် ဘွဲ့ရအသုံးချ ဘာသာရပ် (Bachelor of Tourism Studies) သင်တန်းဖွင့်လှစ်ပို့ချနိုင်ရေးကိုလည်း ပညာရေးဝန်ကြီးဌာန၏ မူဝါဒများနှင့်အညီ ပြင်ဆင်ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးကြပ်၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ရွာအခြေပြု ပြည်သူ့စစ်အဖွဲ့များ ပူးပေါင်း၍ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတိုင်း အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော်ရာတွင် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကကျသောအခန်းကဏ္ဍဖြစ်ကြောင်း၊ ပညာသင်ကြားမှုသည် ကျောင်းသား၊ ကျောင်းသူတိုင်း၏ အနာဂတ်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ အနာဂတ်လည်းဖြစ်ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များကို မွေးထုတ်ပေးမည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်ပြီး ဆရာ၊ ဆရာမများအနေဖြင့် မိမိသင်ကြားပေးရမည့် ကျောင်းသား၊ ကျောင်းသူများသည် အနာဂတ်တွင် နိုင်ငံတော်မှ အားထားရမည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများ ဖြစ်လာစေရန် ဦးတည်ချက်ထား သင်ကြားသွားပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ် အပြည့်နှင့် အားလုံးလက်တွဲ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာစကား မြွက်ကြားခဲ့သည်။

ဆက်လက်၍ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က လွိုင်ကော် တက္ကသိုလ်သို့ ထောက်ပံ့ငွေ(၁၅)သိန်းနှင့် ကိုဗစ်ကာကွယ်ရေးသုံးဆိုင်ရာ ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကိုလည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဗိုလ်ချုပ်နီလင်းအောင်က ထောက်ပံ့ငွေ (၅)သိန်းကျပ်နှင့် လက်ဆောင်ပစ္စည်းများကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ လွိုင်ကော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ် ဒေါက်တာအောင်ခင်မြင့်က လက်ခံရယူခဲ့သည်။

ဆက်လက်ပြီး လွိုင်ကော်တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်က ကျေးဇူးတင် နှုတ်ခွန်းဆက်စကား ပြန်လည်ပြောကြားခဲ့ပြီး သိပ္ပံဘာသာရပ်များကိုယ်စား သင်္ချာဌာန၊ ပါမောက္ခ(ဌာနမှူး)နှင့် ဝိဇ္ဇာဘာသာရပ်များကိုယ်စား ဥပဒေပညာဌာန၊ ပါမောက္ခ(ဌာနမှူး) တို့က မောင်မယ်သစ်လွင်များအား ပညာရပ် အသီးသီးတွင် သင်ကြားပေးမည့်  ဘာသာရပ်များ၊ လက်တွေ့အသုံးချနိုင်သည့် နယ်ပယ်များအကြောင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမ သစ်လွင်များနှင့် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် စကားပြောကြားပြီး စာသင်ခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွင်စွာဖြင့် စာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)