ဖျာပုံမြို့ ၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ်စိုက်ထူ

ဖျာပုံ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် ပညာရေးဌာနက ဦးဆောင်၍ ကျောင်းနေ အရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာသင်ယူအခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဖျာပုံမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်သည်။

အဆိုပါ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ် စိုက်ထူရာသို့ဖျာပုံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ကိုကို၊ မြို့နယ် ပညာရေးမှူး ဒေါ်တင်ရီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့ပေါ်အထက ကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများက ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များပက်ဖျန်း ပေးခဲ့ကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း မေလ(၂၆)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံသွား မည်ဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင်စသည့် စာရေးကိရိယာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ၊ မျက်နှာအကာများကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)