ငပုတောမြို့နယ်၌ စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သီးနှံဧကများ အပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ

ငပုတော မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များသည် ငပုတောမြို့နယ် ဝက်ဆူကျေးရွာအုပ်စု တံခွန်တိုင် ကျေးရွာ၊ လိပ်ချောင်းကျေးရွာအုပ်စု လိပ်ချောင်းကျေးရွာ၊ ဒယ်ကုန်ကျေးရွာနှင့် ခြံကွင်းကျေးရွာ သို့ ယမန်နေ့လယ်ပိုင်းက သီးနှံပင်များ ဧကများ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများ နှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ တောင်သူများနှင့် တွေ့ဆုံရာ၌ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ တောင်သူများအား စီမံကိန်းလျာထား သီးနှံဧကများ အပြည့်အဝ စိုက်ပျိုးရမည့် အပြင်၊ ရိုးပြတ်ကျန် ဧကများလျော့ချနိုင်ရေး၊ ငပုတောမြို့နယ်သည် ရေငံရောက်ရှိသော ဒေသ ဖြစ်၍ မိုးစပါးစိုက်ပျိုးပြီးပါက အခြားရေငံဒဏ်ခံနိုင်မည့် ဘိုကိတ်ပဲ သို့မဟုတ် အခြားသီးနှံ တစ်မျိုးမျိုးကို စမ်းသပ်စိုက်ပျိုးနိုင်ရေး၊ ကိုဗစ်ကာကွယ် ဆေးများကိုလည်း အပြည့်အဝထိုးနှံ စေရေး၊ မကြာမီကာလအတွင်း ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ မိမိတို့၏ ရင်သွေး ရတနာများကို ကျောင်းအပ်နှံ တက်ရောက်စေရေး၊ မိုးရာသီသို့ ရောက်ရှိလာပြီ ဖြစ်ပါ၍ သွေးလွန် တုပ်ကွေး ကာကွယ်ရေးလုပ်ငန်းများတွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာ ကြားခဲ့သည်။

ဆက်လက်ပြီး အဖွဲ့ဝင်() ဦးသန်းဦးမှ နွေးစပါးစိုက်ဧကများကို ယခင်နှစ်များကဲ့သို့  စိုက်ပျိုးနိုင် ရေးအတွက် တောင်သူများကို အလေးထားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ် ရေးအဖွဲ့ အတွင်းရေးမှူး ဦးစိန်သန်းမှ သီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးနိုင်ရေး နည်းစနစ်သစ်များ အကြောင်းရှုင်းလင်းပြောကြား ခဲ့ပြီးနောက်  မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်ဝင်းမှ မြေအသုံးချမှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများမှ တင်ပြလာမှုအပေါ် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု ကြီးကြပ်ရေးအဖွဲ့ ဦးကျော်သူမှ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတောပြန်/ဆက်)