ဟားခါး မေ ၂၀
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ နိုင်(၄)စာရင်းများအား Excel Format ဖြင့် ရိုက်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် နိုင်(၄) မှတ်တမ်းများအား လာမည့်ဇွန်လကုန်တွင် ပြီးစီးနိုင်ရေးအတွက် သက်ဆိုင် ရာဝန်ကြီးများ၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အချိန်မီပြီးစီးအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲရှိ ပါက အချိန်နှင့် တစ်ပြေးညီ တင်ပြစေလိုကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က နိုင်(၄) မှတ်တမ်းပါ အချက်အလက်များ စာရင်းရေးသွင်းမှုလုပ်ငန်းတွင် တပ်ရင်း၊ တပ်ဖွဲ့များက ပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က သတ်မှတ်ကာလအတွင်း အချိန်မီစာရင်းရေးသွင်းပြီးစီးနိုင်ရေးအတွက် စနစ် တကျ တွက်ချက်ပြီး စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် လိုအပ်သော အုပ်ချုပ်မှုဆိုင်ရာများအား ဖြည့်ဆည်းထောက်ပံ့ပေးရေးတို့နှင့် ပတ်သက်၍လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များအား ဌာန ဆိုင်ရာဝန်ထမ်းများ ပူးပေါင်းဆောင်ရွက်မှုကို သုံးသပ်ရာတွင် Software အတွင်း ဖြည့်သွင်းရာ၌ အချက်အလက်များ ဖြည့်သွင်းမှုစနစ် မှန်ကန်မှုရှိစေရေးအတွက် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျွမ်းကျင်တာဝန်ခံများထံသို့ အချိန်နှင့် တစ်ပြေးညီ လာရောက်စစ်ဆေးဆောင်ရွက်မည်ဆိုပါက လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များအား Excel Format အတွင်း ရိုက်သွင်းခြင်း နှင့် Software အတွင်း ထည့်သွင်းခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ ၁၈-၅-၂၀၂၂ ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန် အခြေအနေနှင့် ဇွန်လ(၃၀) ရက်နေ့တွင် ပြီးစီး နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကွန်ပျူတာကျွမ်းကျင်သည့် ဝန်ထမ်းများ နှင့် အကူဝန်ထမ်းများဖြင့် နိုင်(၄)မှတ်တမ်းများအား စာရင်းရေးသွင်းဆောင်ရွက်ရာတွင် တွေ့ကြုံရ သည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က နိုင်(၄) မှတ်တမ်းများအား အချိန်မီစာရင်း ရေးသွင်းပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် မြို့နယ်များအား ကြီးကြပ်ဆောင်ရွက်ပေးနေမှု အခြေအနေများကို ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)