ပုသိမ် စက်တင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ကမ်းဝေး ငါးဖမ်းစက်လှေများကို စက်တင်ဘာ ၁ ရက်နေ့မှစတင်ကာ ကမ်းဝေး ငါးဖမ်းလုပ်ငန်းခွင်ရှိရာ ပင်လယ်ပြင်သို့ ထွက်ခွာခွင့်ပြုပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ငါးဖမ်းစက်လှေများနှင့် ကျားဖောင်များပေါ်တွင် လိုက်ပါကြမည့် ရေလုပ်သားများကို ရေလုပ်သားကတ်များ ဆောင်ရွက်ထားခြင်း ရှိ/မရှိကို ဓမင်းဆိပ်နှင့် ပုသိမ်စစ်ဆေးရေးဂိတ်များမှ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နှင့် ငါးလုပ်ငန်း ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်းလည်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း လူကုန်ကူးမှု မဖြစ်ပေါ်စေရေးနှင့် လျော့နည်းပပျောက်စေရေးအတွက် စစ်ဆေးရေး ဂိတ်များကို ဖျာပုံမြို့ပေါ်တွင် သာမဟုတ်ပဲ ကျေးရွာများအထိ သွားရောက်ကာ ရေလုပ်သား ကတ်များ ဆောင်ရွက် ပေးလျက်ရှိသည်။
ယခင်နှစ်များက ပင်လယ်ပြင်လုပ်ငန်းခွင်သို့ ရောက်မှသာ ပြန်လည်၍လုပ်ခိုင်းရာမှာ အဆင်ပြေမှုမရှိ၍ ယခုနှစ်တွင် ရေလုပ်သားများကို ရေလုပ်သားကတ် ပြုလုပ်ပြီးမှသာ ကျားဖောင်များပေါ်သို့ တက်ခွင့်ပြုမည် ဖြစ်ပြီး ရေလုပ်သား ကတ်ပေါင်း တစ်သောင်းကို အချိန်မီပြီးစီးအောင် ညှိနှိုင်းလုပ်ဆောင်ပေးလျက် ရှိကြောင်းကို တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစောအောင်ရဲထွဠ်လွင် က ပြောကြားသည်။
ရေလုပ်သားအဖြစ် လာရောက်လုပ်ကိုင်သူများ အဆင်ပြေစေရန်နှင့် အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ချုပ်ဆိုရန် အသက်အာမခံကို မြန်မာ့အာမခံလုပ်ငန်းတွင် လုပ်ဆောင် ထားကြရန်လည်း မှာကြားထားပြီးဖြစ်ကာ ပင်လယ်ပြင် ဘေးကင်းလုံခြုံရေးနှင့် အသက်အန္တရာယ် ကင်းစေရေး အတွက် အသက်ကယ် အထောက်အကူပြုပစ္စည်းများ တစ်ပါတည်း ယူဆောင်သွားကြရန် လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိကြောင်းကို ညွှန်ကြားရေးမှူးက ရှင်းပြပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ကမ်းဝေးငါးဖမ်း လှေများမှာ ဖျာပုံတွင် ၃၆၉ စီး၊ ဘိုကလေးတွင် ၂၆ စီးနှင့် ဟိုင်းကြီးကျွန်း တွင် ၈၆ စီး၊ စုစုပေါင်း ၄၈၁ စီးရှိကြောင်း တိုင်းငါးလုပ်ငန်း ဦးစီးဌာနက သိရသည်။
မြင့်ဟန်(ခရိုင်ပြန်/ဆက်)