မြောင်းမြမြို့ မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library  Bus) ဖြင့်  စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး

မြောင်းမြ မေ ၁၉

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ် (Mobile Library  Bus) ဖြင့် စာပေဝါသနာရှင် အများပြည်သူများ စာပေနှင့် စဉ်ဆက်မပြတ်စေရေး ရည်ရွယ်၍ ယနေ့ နံနက်က  မုဆိုးကွင်းကျေးရွာနှင့် ကျိုက်ညီနောင်ကျေးရွာသို့ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတရသစာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ အိမ်တိုင်ရာရောက် စာဖတ်သူများ လက်ဝယ်သို့ သွားရောက် ငှားရမ်းပေးခဲ့ကြသည်။ 

စာပေကို ချစ်မြတ်နိုးပြီး စာပေနှင့် မဝေးကွာလိုသူတို့ အဆင်ပြေစေရေး၊ ပြည်သူများ မိမိတို့ အိမ်ရှေ့အရောက် အချိန်မကုန် မပင်ပန်းစေပဲအဆင်ပြေပြေ ငှားရမ်းနိုင်ရေးနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ စာပေလေ့လာနိုင်ရေးတို့ အတွက် Mobile Library Bus ဖြင့် ကျေးရွာများအရောက် စာအုပ်စာစောင်များ ငှားရမ်းပေးရ ခြင်း ဖြစ်ကြောင်း သိရသည်။  

ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ် များကို ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ် စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြောင်းမြခရိုင်ပြန်ဆက်