ဒေးဒရဲမြို့၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေး

ဒေးဒရဲ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ တင်ပြချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရေးအတွက် လွှတ်တော် ကိုယ်စားလှယ်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဌာနလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ကြစေရေးနှင့် မြို့သန့်ရှင်းသာယာရေး လုပ်ငန်းများအား ပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဌာန၏ ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ ကြသည်။

ဆက်လက်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထက်မြက်အောင်က ကိုဗစ်-၁၉ ကာလအတွင်း ဌာနလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ညွှန်ကြားချက်များအား လိုက်နာဆောင် ရွက်ကြရန်နှင့် ဌာနများအနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင် ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရေး ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညို၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးထက်မြက်အောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မြင့်မြင့်ခိုင်(ပြန်/ ဆက်)