ကျောက်တံခါး မေ ၁၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောက်တံခါး မြို့နယ်၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်ရာ မြေစိုက်ပိုစတာစိုက်ထူပွဲ အခမ်းအနားကို ယနေ့ နံနက် (၈) နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့၌ ကျင်းပပြုလုပ်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ကိုယ်စား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သူဇာလွင်၊ မြို့နယ်ပညာရေးမှူး ဒေါက်တာဇင်သက်ဦးနှင့် ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ တက်ရောက်ကြသည်။
၂၀၂၂-၂၀၂၃ပညာသင်နှစ်ကို ဇွန် ၂ ရက်နေ့တွင် စတင်တော့မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာ ကျောင်းသား / ကျောင်းသူများ၏ ကျောင်းအပ်လက်ခံရာတွင် မည်သည့်ငွေကြေးမှ မကောက်ခံဘဲ အခမဲ့ပညာရေးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရေးနေ့တွင် ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ အခမဲ့ပေးဝေသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းဝတ်စုံများကို ကျောင်းဖွင့်ချိန်အတွင်း ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)