ဇီးကုန်း မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးစေခြင်းဖြင့် မိသားစုဝင်ငွေတိုးပြီး လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် မြစိမ်းရောင်(အသားကဏ္ဍ) တိရစ္ဆာန်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက နွာတဲကုန်းကျေးရွာအုပ်စု ပန်းတင်ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျေးလက်နေပြည်သူများ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသော သား၊ ငါးမွေးမြူရေး ကဏ္ဍများတွင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ယခုလို မွေးမြူရေးကဏ္ဍတွင် တိုးတက်လာ၍ ဝမ်းမြောက်ကြောင်းနှင့် ရရှိလာသောအကျိုးအမြတ်များကို အကျိုးရှိစွာ အသုံးပြုစေလို ကြောင်းတို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ သာယာဝတီခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာမျိုးယုသိန်းနှင့် ဇီးကုန်းမြို့နယ် ဦးစီးမှူး ဒေါက်တာဇော်မင်းဦးတို့မှ မြစိမ်းရောင်(အသားကဏ္ဍ) တိရစ္ဆာန်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာရန်ပုံငွေကြီးကြပ်မှုကော်မတီမှ ကျေးရွာသူ ကျေးရွာသား (၃၅)ဦးအား မွေးမြူရန် တိရစ္ဆာန်များကို လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ