မြဝတီမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေးနေ့ မြေစိုက်ဆိုင်းဘုတ်စိုက်ထူ

မြဝတီ  မေ  ၁၉

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး မြေစိုက်ဆိုင်းဘုတ်အား ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် ယနေ့နံနက် ၉ နာရီခွဲက စိုက်ထူကြောင်း သိရသည်။

အဆိုပါ “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ဆိုင်းဘုတ်အား မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက စိုက်ထူပေးသည်။

ထို့နောက် အဆိုပါ မြေစိုက်ဆိုင်းဘုတ်အား မြဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင် ဦးစိန်သောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြဝတီခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ အဖွဲ့ဝင်ဗိုလ်မှူးဇေယျာထွန်းနှင့် ဦးအောင်မင်းစိုး၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇေယျာအောင်နှင့်တာဝန်ရှိသူများ ကျောင်းအုပ်ကြီးများက အမွှေးနံ့သာရည်များဖြင့် ပတ်ဖျန်းပေးသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ် နှံရေးသီတင်းပတ်ကို မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး အဆိုပါကာလအတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံစေရေး ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ပြီး အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း မြဝတီမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)