ညောင်တုန်းမြို့၌ မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးအတွက် ထောက်ပံ့ငွေပေးအပ်

ညောင်တုန်း     စက်တင်ဘာလ      ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံးရှိ အိမ်ထောင်စုများအတွက် ယမန်နေ့ နေ့လယ် ၃ နာရီက အမှတ် (၄) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ငွေပေးအပ်ခဲ့သည်။

ညောင်တုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် ပန်းလှိုင်မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး အလျား ၂၅ ပေ၊ အနံ ၂၅ ပေ ပြိုကျမှုကြောင့် ကြိုတင်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၁၀) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ ၂၁၀၀၀ ကျပ်၊ အိမ်ဆောက် ပစ္စည်းရန်ပုံငွေ ၂၀၀,၀၀၀ ကျပ် စုစုပေါင်း ၂၂၁,၀၀၀ ကျပ်တို့အား ညောင်တုန်းမြို့နယ် ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းစံ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)