ကျောင်းကုန်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် မြို့ထိပ်စစ်ဆေးရေးဂိတ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့ နံနက် ၈ နာရီအချိန်ခန့်က ကျင်းပခဲ့သည်။
"ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟု တိုက်တွန်းထားပြီး၊ ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ (၂၆)ရက်နေ့မှ ဇွန်လ (၁)ရက်နေ့အထိ သတ်မှတ်ထားသည်။
ထို့အပြင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမများအားလုံးနှင့် အရာထမ်း၊ အမှုထမ်းများအားလုံး သိရှိလိုက်နာရမည့်အချက်များ၊ (၅)နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG)သို့အပ်နှံရန်နှင့် (၆)နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရန်၊ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များ၊ မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများသို့ မေတ္တာရပ်ခံချက်များ စသည်ဖြင့် ပညာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်နှင့် ပညာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)