ချောက် မေ ၁၉
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ ကျောင်းနေအရွယ် ကလေးငယ်တိုင်း ကျောင်းအပ်နှံနိုင်ရေးအတွက် ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရဖို့ ကျောင်းအပ်နှံကြပါစို့ ဆိုင်းဘုတ်ကို ယနေ့နံနက် ၉နာရီက မြို့နယ်ပညာရေးမှူးရုံးရှေ့တွင်စိုက်ထူခဲ့သည်။
ရှေးဦးစွာကျောင်းအပ်နှံရေး ဆိုင်းဘုတ်အား မြို့နယ်ပညာရေးမှူး ဒေါ်ခင်လေးဖြူ၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာ မျိုးသက်ဦး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး ဆိုင်းဘုတ်အား စိုက်ထူခဲ့ကြသည်။
အဆိုပါ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦး ခင်မောင်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ တက်ရောက်ကြသည်။
၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မြန်မာတစ်နိုင်ငံလုံးရှိ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားပြီး အဆိုပါ ကာလအတွင်း အတန်းအားလုံး ကျောင်းအပ်နှံကြရန်၊ ကျောင်းနေအရွယ်ကလေးငယ်တိုင်း အခြေခံပညာသင်ယူခွင့်ရရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်နှုန်းမြင့်မားလာစေရန်၊ အခမဲ့ပညာရေးစနစ် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းအပ်နှံသည့် ကျောင်းသားအားလုံးကို ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များနှင့်ခဲတံများကို အခမဲ့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျော်မိုး(ပြန်/ဆက်)