ငါးသိုင်းချောင်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ မြို့အဝင်ကြိုဆိုပါ၏လမ်းဆုံ၌ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူပွဲကျင်းပခဲ့ရာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းနှင့်အဖွဲ့၊ လက်ထောက်မြို့နယ်ပညာရေးမှူး၊ ငါးသိုင်းချောင်းမြို့ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အ-ထ-က၊ ငါးသိုင်းချောင်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ရပ်မိ၊ ရပ်ဖများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်ကို စုပေါင်းစိုက်ထူခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ အ-ထ-က၊ ငါးသိုင်းချောင်း ကျောင်းခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပညာရေးဝန်ထမ်းများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ကျောင်းသားမိဘများ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့ရာ ရှေးဦးစွာ ရေကြည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဝင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ် လှုပ်ရှားဆောင်ရွက်မှုနှင့် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ကြားခွင့်ရရှိရေး ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကိုကိုက လုံခြုံရေးပူးပေါင်း ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးတင်ထွဋ်နိုင်က ကျောင်းအပ်နှံရာတွင် အခမဲ့ပညာရေးစနစ်ဖြစ်ပြီး၊ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမပြုကြောင်း၊ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးနိုင်ရန် ယခုကဲ့သို့ ကွင်းဆင်းတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် အ-ထ-က၊ ငါးသိုင်းချောင်းနှင့် အ-မ-က ရေတံခွန်(တောင်ပိုင်း)တို့မှ တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ကျောင်းအပ်နှံဆောင်ရွက်နိုင်ရေး၊ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် အစီအစဉ်များအား ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ ငါးသိုင်းချောင်းမြို့ပေါ်ရှိ အ-မ-က၊ ရွှေတောင်လမ်း၊ အ-မ-က၊ ရှမ်းတန်းနှင့် အ-လ-က(ခွဲ)မြို့သစ်၊ ကျောင်းများသို့ ဆက်လက်ကွင်းဆင်း တွေ့ဆုံဆွေးနွေးဆောင်ရွက်ခဲ့ပြီး ကျောင်းအပ်နှံရေးရက် သီတင်းပတ်လှုပ်ရှားမှု၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရပြီး အခြေခံပညာကျောင်းများ၌ မေလ (၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)