ကျုံပျော် မေ ၁၉
"ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဟူသော ဆောင်ပုဒ်နှင့် အညီ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံ ရေး သီတင်းပတ် မြေစိုက်ပိုစတာ စုပေါင်းစိုက်ထူပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ အမက-မြို့မ ကျောင်းရှေ့၌ ယနေ့ နံနက် ၈ နာရီက ပြုလုပ်ခဲ့သည်။
မြေစိုက်ပိုစတာ စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သိန်းစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဆရာကြီး ဦးအုန်းကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာအား စုပေါင်းစိုက်ထူခဲ့ကြသည်။
ကျုံပျော်မြို့နယ်တွင် ကျောင်းအပ်နှံရေးအတွက် အခြေခံပညာ အထက်တန်းကျောင်း (၁၇)ကျောင်း၊ အထက်တန်းကျောင်း(ခွဲ) (၈)ကျောင်း၊ အလယ်တန်းကျောင်း (၂၀) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)၊ မူလတန်း(လွန်)နှင့် မူလတန်းကျောင်း (၂၀၆) ကျောင်း၊ စုစုပေါင်း (၂၅၁) ကျောင်းတို့တွင် မေလ(၂၆)ရက်နေ့မှ စတင်ကာဇွန်လ(၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်၍ ကျောင်းအပ်နှံရေးများ လက်ခံဆောင်ရွက် သွားမည်ဖြစ် ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)