ညောင်တုန်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက်ကလေးငယ်များ ငွေကြေးထောက်ပံ့ခြင်းအကြောင်း သိကောင်းစရာ Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပပြုလုပ်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က Talk Show ကျင်းပရခြင်း ရည်ရွယ်ချက်အား ပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒေါ်ပေါ်နွေးဖိုင်က ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက်ကလေးငယ်များ ငွေကြေးထောက်ပံ့မှုဆိုင်ရာ အခြေအနေများ၊ လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်အား ပြည်သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက် Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)