နတ်တလင်း မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လက်ခုပ်ပင်ကျေးရွာ၊ ပေါက်တုန်းကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေစိုး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ တာဝန်ရှိသူများက ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တောင်သူများအနေဖြင့် နွေစပါးလျာထားချက်ကို ပြည့်မီကျော်လွန်အောင်စိုက်ပျိုးရေး၊ ဒေသတွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ ပိုမိုတိုးချဲ့စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကိုလည်း တိုးချဲ့ကြိုးစားဆောင်ရွက်စေရေး၊ လျှပ်စစ်မီးရရှိရေးတို့ကို သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဒေသခံတောင်သူများမှ သိရှိလိုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးမေးမြန်းချက်များအပေါ် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နတ်တလင်းမြို့နယ်အနေဖြင့် လစဉ်ကျေးရွာ(၁၀)ရွာအား အသိပညာပေးကွင်းဆင်းဆောင်ရွက်နေပြီး ကျန်ရှိနေသည့်ကျေးရွာအုပ်စုများသို့လည်း ကွင်းဆင်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုတိုးတက်ရေး၊ အသေးစားစက်မှုလက်မှု လုပ်ငန်းများဆိုင်ရာသင်တန်းနှင့် အလုပ်ရုံဆွေးနွေးပွဲများ ဖွင့်လှစ်ပို့ချနိုင်ရေးတို့ကို ဆက်လက်ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)