ဒေးဒရဲမြို့၌ ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ် စိုက်ထူ

ဒေးဒရဲ မေ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပညာရေးဌာနက ဦးဆောင်၍ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းနေနိုင်ရေးနှင့် ပညာသင် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် ကျောင်းအပ်နှံရေးနေ့ ရက်သတ္တပတ် အသိပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက် (၆)နာရီခွဲက ဒေးဒရဲ-ဖျာပုံ ကားလမ်းရှိ ဗိုလ်ချုပ်ကြေးရုပ်အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်ပညာရေးမှူး ဦးလှစိုးနှင့် တာဝန်ရှိသူများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများက စုပေါင်းစိုက်ထူ ပေးခဲ့ကြောင်း သိရသည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၁၉)ကျောင်းနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂)ကျောင်း၊ စုစုပေါင်း (၂၂၁)၌ မေလ (၂၆)ရက်နေ့မှစတင်၍ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအားလုံး အခမဲ့ပညာရေးစနစ်ဖြင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ၊ ဘောပင် စသည့် စာရေးကိရိယာများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ပါးစပ်၊ နှာခေါင်းစည်းများ၊ မျက်နှာအကာများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးလှစိုး၏ ပြောကြားချက်အရ သိရသည်။

အေဇာလင်း