ရှင်ဗွေယန် စက်တင်ဘာ ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ရှင်ဗွေယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်၊ ထိန်းချုပ်ရေး၊ အရေးပေါ်တုံပြန်ရေးနှင့် ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ညနေ(၅)နာရီက မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်များအတွင်းသို့ သွားရောက်ကာ လှည့်လည်နှိုးဆော်ခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးလှည့်လည် နှိုးဆော်ရာတွင် မြို့အုပ်ချုပ်ရေး မှူးဦးဇော်အောင်နှင့် ဌာနဆိုင်ရာများ၊ ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဆရာဝန် ဒေါက်တာအောင်ဂျာ၊ ရှင်ဗွေယန်မြို့ရဲစခန်းမှ ဒုရဲအုပ်ဗညားထွန်း၊ မီးသတ်တပ်ဖွဲ့စခန်းမှတာဝန်ခံ လက်ထောက်ဦးစီးမှူး ဦးသန်းမင်းဇော်၊ လမ်းဦးစီးဌာန အငယ်တန်း အင်ဂျင်နီယာ (၁)ဦးနန်းဝင်းထိုက်၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများမှ ပူးပေါင်း၍ ရှင်ဗွေယန်မြို့ပေါ်(၁)၊ (၂)၊ (၃)၊ (၄)ရပ်ကွက်အတွင်းသို့ လှည့်လည်၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်၊ ကာကွယ်နိုင်ရန်နှင့် ရောဂါကူးစက်ပြန့်ပွား မှုမရှိစေရေးအတွက် မိမိတို့နေအိမ်အတွင်း၌သာ နေထိုင်ကြရန်၊ မဖြစ်မနေအပြင်ထွက်လျှင် နှာခေါင်းစည်း (mask)များ တပ်ဆင်ပြီးမှသာ သွားလာကြရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ စက္ကန့် (၂၀)ကြာ မကြာခဏဆေးကြရန်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန် ကြေညာချက်များနှင့်အညီ ရောဂါကာကွယ်ရေး ဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန်၊ ရခိုင်ပြည်နယ်နှင့် နိုင်ငံခြား၊ အခြားမြို့များမှ ပြန်ရောက်လာသော ပြည်သူများအနေဖြင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် ကျန်းမာရေးဌာနများကို ဆက်သွယ်အကြောင်းကြားကြရန်၊ ပြည်သူများက ပူးပေါင်းပါဝင် လိုက်နာ ဆောင်ရွက်ပေးကြရန်တို့ကို မြို့ပေါ်(၁)၊ (၂)၊(၃)၊ (၄)ရပ်ကွက်များ အတွင်းသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လင်းသွယ်ဦး(ပြန်/ဆက်)