ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

ဟားခါး မေ ၁၈

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးတွင် ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရာတွင် ရေရှည်အတွက် အကောင်းဆုံးနည်းလမ်းမှာ ရည်မှန်းဦးတည်အုပ်စုများအားလုံး ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက်ထိုးနှံမှု ခံယူထားခြင်းဖြစ်ရာ ချင်းပြည်နယ်၏ မြို့နယ် အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို သုံးသပ်ရာတွင် မြို့ပေါ်တွင် ကာကွယ်ဆေး ထိုးနှံနိုင်မှု အားကောင်းပြီး ကျေးရွာများတွင် အခက်အခဲအမျိုးမျိုးကြောင့် အားနည်းနေသေးသည့် အတွက် ကျေးရွာများနှင့် ဝေးလံခက်ခဲသော ဒေသများရှိ ပြည်သူများ ထိုးနှံနိုင်ရေး ဆက်လက် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့်ထိုးနှံနိုင်ရေး အတွက်လည်း ဆက်လက်အရှိန်အဟုန်ဖြင့်  ဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြား သည်။

ထို့နောက် ဟားခါးမြို့နယ် လူထုကျန်းမာရေးစောင့်ရှောက်မှုကော်မတီဥက္ကဋ္ဌ သိက္ခာတော်ရ ဆရာတော် ဒေါက်တာစတီဗင် လျန်ဟုပ်လိန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး တွင် ပူးပေါင်းဆောင်ရွက်မှုနှင့် ကျေးရွာများတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်အောင်မြင့်ဦးက ချင်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ မြို့နယ်အလိုက် အသက်(၁၈)နှစ်အထက် ရည်မှန်းအုပ်စုများအား ကိုဗစ်−၁၉ ကာကွယ်ဆေး ထိုးပြီးစီးမှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရရှိသုံးစွဲ၊ လက်ကျန်အခြေအနေ၊ ထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံရန် ကာကွယ်ဆေး လျာထားချက်နှင့် အာဆီယံ     နိုင်ငံများ၏ ကိုဗစ်-၁၉ အခြေအနေနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ လုပ်ထုံး၊ လုပ်နည်း များအား Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေ အနေနှင့် ယခင်အပတ် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် အားနည်းသည့်မြို့နယ်များအား နေ့စဉ်ကြပ်မတ် ပေးနေမှု နှင့် ကျေးရွာများတွင် ပိုမိုထိုးနှံနိုင်ရေး၊ ကျေးရွာများတွင် အခက်အခဲအမျိုးမျိုးကြောင့် အားနည်းနေ သေးသည့်အတွက် ကျေးရွာများနှင့် ဝေးလံခက်ခဲသော ဒေသများရှိ ပြည်သူများ ထိုးနှံနိုင်ရေး  ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့် ထိုးနှံနိုင်မည့်  လျာထားချက်များ တောင်းခံထားရှိမှုနှင့် စစ်ဗျူဟာအဖွဲ့ အခြေချ (ဟားခါး)မှ စစ်ဗျူ ဟာမှူး ဗိုလ်မှူးကြီး စောထွန်းက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ပိုမိုထိုးနှံနိုင်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များ ဖွဲ့စည်း၍ ကွင်းဆင်းထိုးနှံပေးရေးတို့နှင့်ပတ်သက်၍ ဖြည့်စွက် ဆွေးနွေးကြသည်။

ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်တို့က ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှု တင်ပြရာတွင် လျာထားချက် အပေါ် ဆောင်ရွက်ပြီးစီးမှု တင်ပြပေးရန်၊ ပလက်ဝမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှု ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့နှင့် ပတ်သက်၍ အကြံပြုဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)