လပွတ္တာ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား၊ မြို့နယ်ပေါင်းစုံ အသက် (၁၉)နှစ်နှင့် အောက် အမျိုးသားဘောလုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို လပွတ္တာမြို့နယ် ရတနာဒီပ အားကစားကွင်း၌ ယမန်နေ့ ညနေ (၃)နာရီအချိန်က ကျင်းပသည်။
မြို့နယ်ပေါင်းစုံ အသက် ၁၉ နှစ်အောက် ဘောလုံးပြိုင်ပွဲအဖြစ် လပွတ္တာမြို့နယ် အသင်းနှင့် မော်လမြိုင်ကျွန်းမြို့နယ် အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်ကျွန်းနယ် အသင်းက ၁ ဂိုး ဖြင့် အနိုင်ရခဲ့သည်။
ထို့နောက် ဆုပေးပွဲကို ဆက်လက်ကျင်းပရာ အကောင်းဆုံးကစား သမားဆုကို ကျောနံပါတ် (၁) မော်လမြိုင်ကျွန်းမြို့နယ်အသင်းမှ မောင်ပိုင်လင်းထက်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းက ဆုပေးအပ်ခဲ့ပြီး အသင်းလိုက် ဒုတိယဆုရရှိသော လပွတ္တာမြို့နယ်အသင်းအား ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးဌေးကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးညွန့်ရွှေတို့က တစ်ဦးချင်းဆုများ ပေးအပ်ခဲ့သည်။ ဆက်လက်၍ ပထမဆု ရရှိသော မော်လမြိုင်ကျွန်းမြို့နယ် အသင်းအားငွေသားဆု၊ တစ်ဦးချင်းဆု၊ ဆုဖလားကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးညွန့်က ဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်