စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ခင်း (၅၈) ဧက စိုက်ပျိုးပြီးဖြစ်

စေတုတ္တရာ      စက်တင်ဘာ         ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွား ရေးကုစားမှု (CERP) အစီအစဉ်အရ စေတုတ္တရာမြို့နယ်တွင် မျိုးစေ့ထုတ်စိုက်ခင်း(၁၀၀)ဧက စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ရာ  မျိုးစေ့ထုတ်စိုက်ခင်း(၅၈)ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။ 

အဆိုပါ မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးရာတွင် မျိုးသန့်မျိုးပွားမျိုးစေ့(RS)အဆင့် စပါးမျိုး များဖြင့် စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ပြီး ဧရာမင်းစပါးမျိုး(၄၅)ဧက၊ ဆင်းသုခစပါးမျိုး(၄၅)ဧက၊ မနောသုခ စပါးမျိုး (၁၀) ဧက စိုက်ပျိုးထုတ်လုပ် သွားမည်ဖြစ်ကာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများ၏ ကြီးကြပ်မှုများဖြင့် စိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ထို့အပြင် မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၀၀)အတွက် စိုက်ပျိုးထုပ်လုပ်မှုစရိတ် စုစုပေါင်း ငွေကျပ် (၁၄၉)သိန်း လေးသောင်းကိုလည်းထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် စိုက်ပျိုးမှုနည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဒေသခံတောင်သူများအား စိုက်ပျိုးမှု နည်းပညာသစ်များဖြင့် စိုက်ပျိုးနိုင်စေရန် စိုက်ပျိုးရေးနည်းပညာသစ်များ၊ မျိုးစေ့ထုတ်စိုက်ပျိုးရေး နည်းစနစ်များ အသိပညာပေးခြင်း၊ မျိုးစေ့ထုတ်စိုက်ခင်းများတွင် လက်တွေ့ကွင်းဆင်းပြသပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလွင်(ပြန်/ဆက်)