ဒေးဒရဲ မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြန်မာ့သဘာဝ ဓာတ်ငွေ့တူးဖော်ရေး လုပ်ကွက် M3 ၏ အောင်သိင်္ခဖွံ့ဖြိုးရေး စီမံကိန်း၊ M3 သဘာဝဓာတ်ငွေ့ရှာဖွေရေးနှင့် တွင်းတူးခြင်းလုပ်ငန်း၏ နယ်ပယ်အတိုင်းအတာ သတ်မှတ်ခြင်းအဆင့် လူထုတွေ့ဆုံဆွေးနွေးပွဲ (ပထမအကြိမ်)ကို ယနေ့ နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီဌာန အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ယခုစီမံကိန်းမှာ နိုင်ငံတော်နှင့် နိုင်ငံခြားကုမ္ပဏီများ အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး ဒေသတွင်း လျှပ်စစ်မီး လုံလုံလောက်လောက်ရရှိစေပြီး ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည် ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း MOGE ကိုယ်စားလှယ် ဦးရဲဝင်းအောင်နှင့် စီမံကိန်းအကြီးတန်းအရာရှိ ဦးနေဆန်းလင်း တို့က စီမံကိန်း အကြောင်းအရာများဖြစ်သည့် စီမံကိန်းတည်နေရာ၊ စီမံကိန်းအသေးစိတ် လုပ်ငန်း၊ စီမံကိန်းဆောင်ရွက်မည့် အချိန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းရာ စီမံကိန်းတာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ လူထုတွေ့ဆုံပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မွန်မြတ်သူစိုးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် စီမံကိန်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း