ပခုက္ကူ မေ ၁၈
မကွေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ(ပခုက္ကူခရိုင်)မှ တောင်သူဦးကြီးများအတွက် ၂၀၂၂ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့နံနက် ၁၀နာရီအချိန်က ဆက်လက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာအုပ်စုအတွင်းမှ ဘဏ်အဖွဲ့ဝင် တောင်သူ(၆၁)ဦးတို့၏ ၂၀၂၂ခုနှစ်၊ မိုးရာသီစပါးစိုက်ခင်း (၃၃)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ်(၄၉၆)သိန်းအား ယနေ့တွင် ထုတ်ချေးပြီးစီးကြောင်း၊ ပခုက္ကူမြို့နယ်အတွင်း ၂၀၂၁ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေပြီးသည့်ကျေးရွာ အုပ်စု(၁၆)အုပ်စု၊ ဘဏ်အဖွဲ့ဝင် တောင်သူဦးရေ (၅၀၀)ဦးတို့၏ မိုးရာသီစပါးစိုက်ခင်းဧက (၃၀၀)အတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် ကျပ်(၄၅၀)သိန်းနှင့် မြေပဲ၊ နှမ်း၊ ဝါ၊ ပဲတီစိမ်း၊ ပဲစဉ်ငုံ၊ ကုလားပဲ၊ အစေ့ထုတ်ပြောင်း၊ ငရုတ်၊ ကြက်သွန်စသည့် အခြားသီးနှံစိုက်ခင်းများအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စိုက်ခင်းဧကပေါင်း (၂၅၅၀)အတွက် ကျပ်(၂၅၅၀) သိန်း၊ စုစုပေါင်းချေးငွေပမာဏ ကျပ်သိန်း(၃၀၀၀)တို့ကို ၂၀၂၂ခုနှစ်၊ စက်တင်ဘာလကုန်အထိနောက်ဆုံးထား၍ ဆက်လက် ထုတ်ချေးပေးသွားရန် လျာထားကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေ ရယူထားသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အမှန်တကယ် အကျိုးရှိစွာ အသုံးပြုကြရန် လိုအပ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ (ပခုက္ကူခရိုင်)မှ ခရိုင်ဘဏ်မန်နေဂျာ ဦးစန်းလွင်က ပြောသည်။
ဆလိုင်းကိုကီး