သုံးခွ မေ ၁၈
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး၀န်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျေးလက်နေပြည်သူများ လူမှုဘ၀ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ရည်ရွယ်၍ အသက်မွေး၀မ်းကြောင်း အထောက်အကူပြု လူသုံးကုန်ပစ္စည်းပြုလုပ်နည်း သင်တန်းကို စံပါယ်ချောင်ကျေးရွာဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးတို့က အဖွင့်အမှာ စကားပြောကြားသည်။ ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး (သင်တန်းနည်းပြဆရာမ) ဒေါ်ခင်ငြိမ်းချမ်းမှ သင်တန်းတွင် သင်ကြားပို့ချမည့် (ဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Hand Gel ပြုလုပ်ပုံ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် သင်တန်းသူများအား သင်တန်းနည်းပြ ဆရာမမှ (ဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Hand Gel ပြုလုပ်ပုံ အဆင့်ဆင့်ကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လူသုံးကုန်ဘက်စုံသုံး သင်တန်းကို ၁၈-၅-၂၀၂၀ ရက်နေ့မှ ၂၀-၅-၂၀၂၀ ရက်နေ့အထိ သင်တန်းနည်းပြ ဆရာများက စာတွေ့လက်တွေ့ သင်တန်းပို့ချ သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း