ကြို့ပင်ကောက်မြို့တွင် ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ကြို့ပင်ကောက် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေလ ၁၆ ရက်နေ့က စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ပြန်လည်ပေးဆပ်မှုအားကောင်းသော လက်ပံပင်စုကျေးရွာအုပ်စုမှ တောင်သူ ၆၄ ဦး၏ စိုက်ပျိုးဧက ၃၇ ဒသမ ၈ ဧကအတွက် တစ်ဧကလျင် ၁၅၀၀၀၀ ကျပ် နှုန်းဖြင့် ချေးငွေပေါင်းငွေကျပ် ၅၆၇ သိန်းအား စတင်ထုတ်ချေးပေးခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

၂၀၂၂ ခုနှစ် မိုးသီးနှံစိုက်ပျိုးရေးလုပ်ငန်းကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်ဆောင်ရွက် နိုင်ရန်အတွက် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကျေးရွာအုပ်စု ၅၂ အုပ်စုမှ တောင်သူ ၇၅၀၀ ဦး၏ လယ်ဧကပေါင်း ၄၈၀၀၀ ဧကကို တစ်ဧကလျှင် တစ်သိန်းခွဲနှုန်းဖြင့် ငွေကျပ် ၇၂၀၀၀ သိန်းထုတ်ချေးပေးရန်လျာထား ထားကြောင်း အတိုးနှုန်းတစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း အချိန်စေ့လွန် ကြွေးကျန်မရှိသော တောင်သူများကို ဦးစားပေး ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးခြင်းနှင့် ပြန်လည်ပေးဆပ်သော တောင်သူများကို လက်ခံခြင်းအား တပြိုင်တည်းလက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ (၇) အထောက်အထားနှင့် တစ်ဦးချင်း အာမခံစနစ်ဖြင့် စိုက်ပျိုးချိန်အမှီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဘဏ်ခွဲ မန်နေဂျာ ဦးဝင်းနိုင်ထွန်းက ပြောသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)