ဝန်းသို စက်တင်ဘာ ၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ကာလ CERP အစီအစဉ်အရ Cash For Work စီမံကိန်းထောက်ပံငွေကျပ်သိန်း ၁၀၀စီဖြင့် မြင်သာကုန်း၊ မော်နိုင်း၊ သဖန်းဆိပ်၊ ကျောက်တိုင်၊ လေးရွာကျေးရွာနှင့် အရှေ့စက်ကျေးရွာတို့တွင် အကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိရာ မြင်သာကုန်းကျေးရွာနှင့် မော်နိုင်းကျေးရွာတို့တွင် စီမံကိန်း လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ယင်းစီမံကိန်းထောက်ပံ့ငွေဖြင့် မြင်သာကုန်းကျေးရွာနှင့် မော်နိုင်းကျေးရွာတွင် ရွာတွင်းလမ်းများ ဂျင်းမြေခင်းခြင်း၊ လမ်းဘေးဝဲ/ယာ ရေနုတ်မြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်ရေမြောင်းပြုလုပ်ခြင်း၊ အရှည် ၂၆၂ပေ၊ အကျယ်၁၂ပေ၊ ထု၈ လက်မရှိ ကွန်းကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ခြင်း ဖြစ်ပြီး အဆိုပါလုပ်ငန်းများပြီးစီးမှုအခြေအနေနှင့် ကော်မတီဝင်များ၏ နေ့စဉ်ပြုစုရမည့်စာရင်းဇယားများ၊ လစဉ်ပြုစုတင်ပြရမည့်စာရင်းဇယားများ၊ နေ့စဉ်လုပ်အားခ ပေးချေမှုမှတ်တမ်းများ စသည့်တို့ကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် စီမံကိန်းတာဝန်ခံတို့က ယမန်နေ့က လုပ်ငန်းအပြီးသတ် ကွင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျော်မြိုင် (ပြန် /ဆက်)