ဟားခါး မေ ၁၈
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ မြို့သန့်ရှင်း သာယာလှပရေးဆိုင်ရာနှင့် နိုင်(၄)စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးသည့် နိုင်(၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များအား စာရင်းရေးသွင်းခြင်းလုပ်ငန်းကို လာမည့် ဇွန်လကုန်တွင် ပြီးစီးနိုင်ရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လိုအပ်ချက်များရှိပါက တင်ပြစေလိုကြောင်း၊ မကြာမီ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည့်အတွက် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးနှင့် သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်များ ဖြစ်ပေါ်လာစေရန်အတွက် မြို့ပြသန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ် စုပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချိန်မီရေးသွင်းပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက် ရာတွင် နည်းပညာ ပိုင်းဆိုင်ရာ အခက်အခဲအချို့ရှိသော်လည်း အဆင်ပြေအောင် ဆောင်ရွက်လျက် ရှိမှု၊ ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းများအား သင့်တင့်သော ထောက်ပံ့မှုများ ဆောင်ရွက်ပေး ရန် လိုအပ်မှုနှင့် မြို့သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများက ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ရန် လိုအပ်မှုတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်က နိုင်(၄)မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက်အလက်များအား Excel Format အတွင်း ရိုက်သွင်းခြင်းနှင့် Software အတွင်း ထည့်သွင်း ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ရန် ကျန်အခြေအနေ၊ ဇွန်လ(၃၀) ရက်နေ့တွင် ပြီးစီးနိုင်ရေး ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် လိုအပ်ချက်များ ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက မြို့သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်ဆောင်ရွက်မည့် နေရာ၊ သတ်မှတ်ထားသည့် နေရာအလိုက် သန့်ရှင်းရေးဆောင်ရွက်မည့်ဌာနများ တာဝန်ခွဲဝေချထားမှု၊ သန့်ရှင်းရေး ဆောင်ရွက်မည့် ဝန်ထမ်းများ စားသောက်ဖွယ်ရာများဖြင့် ဧည့်ခံနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ နိုင် (၄) မှတ်တမ်းပါ နိုင်ငံသားအမှတ်နှင့် အချက် အလက်များ အချိန်မီရေးသွင်းပြီးစီးနိုင်ရေးအတွက် ဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ရှင်းလင်းတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက နိုင်(၄) မှတ်တမ်းရေးသွင်းရာတွင် ပူးပေါင်းဆောင်ရွက်သည့် ဝန်ထမ်းများအား ထောက်ပံ့ရေးနှင့် အပတ်စဉ်စနေနေ့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အကြံပြု ဖြည့်စွက်ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)