ဝါးခယ်မ၌ နေအိမ်မှ ပြင်ပသို့ထွက်ခွာရာတွင် နှာခေါင်းစည်း မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ကြပ်မတ်ဆောင်ရွက်

ဝါးခယ်မ စက်တင်ဘာ ၄

ဧရာဝတီတိုင်းဒေကြီး၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရေးနှင့်  ကူးစပ်မှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိ ပြည်သူများအား နေအိမ်မှ ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ရမည်ဖြစ်ပြီး မတပ်ဆင်ပါက "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် လူစည်ကားရာနေရာများ၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများတွင် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ညွှန်ကြားချက်အရ ပြည်သူများအနေဖြင့် မဖြစ်မနေ နေအိမ်ပြင်ပသို့ သွားလာရမည် ဆိုပါက ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များကို တပ်ဆင်ကြရမည် ဖြစ်ပြီး နှာခေါင်းစည်း(Mask) မတပ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာသူများကို (Mask)  သုံးခုလျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် "ယခုဝယ်၊ ယခုတပ်" စနစ်ဖြင့် ကြပ်မတ်စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ပြည်သူများအနေဖြင့် နှာခေါင်းစည်း(Mask) မဖြစ်မနေ တပ်ဆင်နိုင်ရေးအတွက် မြို့နယ် ကိုဗစ် ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် ဩဂုတ်လ ၂၆ ရက်နေ့မှ ဩဂုတ်လ ၂၉ ရက်နေ့ အထိ အသိပညာပေးနှိုးဆော် ဆောင်ရွက်ပေးခဲ့ကြောင်း၊ မြို့နယ်အတွင်း လူစည်ကားရာ နေရာများ၊ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် သြဂုတ်လ ၃၀ ရက်နေ့မှစကာ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းပြီး နေ့စဉ် ကြပ်မတ်စစ်ဆေး ပေးလျက်ရှိကြောင်း သိရသည်။

လွှမ်းသီဟ(ပြန်/ဆက်)