မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက် မဟော်ဂနီ၊ ယမနေ၊ ခရေ၊ ကံ့ကော် ပျိုးပင်ပေါင်း (၉၇၀၀၀၀) ကျော် ပျိုးထောင်ထားရှိ

မြန်အောင် မေ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနက သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် ရာသီဥတု အပူဒဏ်ကာကွယ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် မိုးရာသီတွင်သစ်ပင်စိုက်ပျိုးရန် ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ မဟော်ဂနီ၊ ယမနေ၊ ခရေ၊ ကံ့ကော် စသည့် ပျိုးပင်ပေါင်း (၉၇၃၂၉၀) ပင် ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသန်းဌေးထံမှ သိရသည်။

၂၀၂၂ ခုနှစ် မိုးရာသီတွင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများ၊ စိုက်ခင်းဟောင်းများ ပြန်လည်ပြုစု ထိန်းသိမ်းခြင်း၊ ပုဂ္ဂလိက သစ်မာစိုက်ခင်းများ၊ စက်မှုကုန်ကြမ်း စိုက်ခင်း၊ သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း၊ သဘာဝတော တန်ဖိုးမြှင့်စိုက်ပျိုးခြင်း၊ ဒေသပိုင်ပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း တည်ထောင်ခြင်း၊ ကျေးရွာအခြေပြု ကျေးရွာထင်းစိုက်ခင်းများတည် ထောင်ခြင်း၊  လမ်းဘေးဝဲ/ယာ စိုက်ပျိုးခြင်း၊ သစ်ပင်စိုက်ပွဲတော်၊ ဌာနဆိုင်ရာများနှင့် ပြည်သူ လူထုသို့ ဖြန့်ဝေစိုက်ပျိုးခြင်းတို့ အတွက်ယခုနှစ် မိုးရာသီတွင် ပျိုးပင်ပေါင်း (၉၇၃၂၉၀)ပင်ကို မြန်အောင်မြို့နယ်အတွင်းရှိ သစ်တောဘိနယ်စခန်း(၅)နှင့် နိုင်ငံပိုင်သစ် တောစိုက်ခင်းများရှိ ပျိုးဥယျာဉ်များအတွင်း ပျိုးထောင်ထားရှိကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်