ချောင်းသာ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်း၌ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် မော်တော်ယဉ်ဝယ်ယူနိုင်ရန်အတွက် မတည်ငွေများလှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ငြိမ်းချမ်းအောင်မြေကျောင်းတိုက် (သုခဒါယီ)ဆွမ်းစားဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာလှူဒါန်းပွဲတွင် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုမည့် မော်တော်ယဉ်မတည်အလှူရှင် ဦးမောင်မောင်ထွေး၊ ဇနီးဒေါ်စန်းစန်းဌေး (ရန်ကုန်၊ ချောင်းသာ၊ ရွှေသောင်ယံ- LAI LAI HOTEL )မိသားစုတို့က အလှူတော်ငွေ ကျပ်သိန်း (၅၀)နှင့် ငြိမ်းချမ်းအောင်မြေကျောင်းတိုက်မှ နဝကမ္မ အလှူငွေကျပ် (၅)သိန်း၊ အခြားအလှူရှင် ၉ ဦးမှ အလှူငွေကျပ် (၂၅)သိန်းတို့ကို ဓမ္မပါလ ပရဟိတအသင်း၏ ဦးဆောင်နာယက (ငြိမ်းချမ်းအောင်မြေကျောင်းတိုက်) ဆရာတော် ဦးဝိမလ(သာသနဓဇဓမ္မစရိယ)ထံ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
ချောင်းသာမြို့အခြေစိုက် ဓမ္မပါလပရဟိတအသင်းသည် ဒေသအတွင်းဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်လူမှုကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးနေသည့် အသင်းကြီးတစ်ခုဖြစ်ပြီး ကူညီကယ်ဆယ်ရေး မော်တော်ယာဉ်အသစ်တစ်စီး ထပ်မံရောက်ရှိလာပါက ဒေသခံပြည်သူများ၏ ကျန်းမားရေးကိစ္စများနှင့် မတော်တဆ ထိခိုက်ဒဏ်ရာများ စသည့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုလုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)