လပွတ္တာ မေ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ လပွတ္တာခရိုင် စက်မှုလက်မှု ပညာသင်တန်းကျောင်း၌ ဆောက်လုပ်ရေးသင်တန်း အမှတ်စဉ်(၆)၊ လျှပ်စစ်သင်တန်းအမှတ်စဉ် (၁၃)၊ ဂဟေသင်တန်းအမှတ်စဉ်(၁၃)၊ မော်တော်ယာဉ်စက်ပြင် သင်တန်းအမှတ်စဉ်(၈)နှင့် လက်ကိုင် ဖုန်းပြင်သင်တန်းအမှတ်စဉ် (၁၀) ဖွင့်ပွဲကို စက်မှုလက်မှုပညာ သင်တန်းကျောင်းခန်းမ လပွတ္တာ(၃)မိုင် မြို့သစ်၌ ယမန်နေ့ နံနက်(၉)နာရီအချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဒေသတွင်း စက်မှုလက်မှုလုပ်ငန်းများ ထူထောင်ရာတွင် ကျွမ်းကျင်လုပ်သားများ ပေါ်ထွက်စေဖို့ သင်တန်းဆင်းပြီးလျှင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ခြင်းဖြင့် စားဝတ်နေရေး ဘက်စုံတိုးတက်ပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေဖို့ မိမိဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပြန်လည်ဆောင်ရွက် ရန်ဆိုတဲ့ ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်လို့ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသား(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၂)ပတ် ကြာ ဖွင့်လှစ်သင်ကြားပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ဆက်လက်ပြီး လပွတ္တာခရိုင်(၃)မိုင်မြို့သစ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ် (၄) သင်တန်းတွင် တက်ရောက်နေကြသော သင်တန်းသူများ၏ ဆောင်ရွက်မှုများကို ကြည့်ရှုခဲ့ပြီး စက်ချုပ်သင်တန်းကျောင်းရှိ ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းတွင် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးက ကျောင်း၏ လိုအပ်ချက်များကို ရှင်းလင်းပြောကြားရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းမှ ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး သင်တန်းကျောင်းတွင် ပြသထားသော သင်ထောက်ကူပစ္စည်းများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင်ပြန်/ဆက်