ဆားလင်းကြီး စက်တင်ဘာ ၄
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့်နိုင်ငံ ရေးပါတီများ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန့်နေ့နံနက်(၁၀)နာရီ ကဆားလင်းကြီးမြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတက်ရောက်လာကြသည့် ပုဂ္ဂိုလ်များကမိတ်ဆက်စကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်၊ မြို့နယ်ရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်ရင်တို့မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်း ရေးမှူး ဦးကျော်မျိုးသက်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးကျော်ထွေးတို့က ရွေးကောက်ပွဲနှင့်စပ်လျဉ်းသည့် ကိစ္စများ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် နိုင်ငံရေးပါတီများနှင့်တစ်သီးပုဂ္ဂလကိုယ်စားလှယ် လောင်းများကရွေးကောက်ပွဲဆိုင်ရာ ကိစ္စများဆွေးနွေးကြပြီး ဆွေးနွေးခဲ့သည်များနှင့်ပတ်သက်၍ လိုအပ်ချက်များ၊ အားသာချက်၊ အားနည်းချက်များကိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
ဆားလင်းကြီးမြို့နယ်တွင် ပါတီ(၈)ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၈) ဦးပါဝင် ယှဉ်ပြိုင်အရွေးခံမည် ဖြစ်ကြောင်း သိရသည်။
မြကြွယ်ဝင်း (ဆားလင်းကြီး ပြန်/ဆက်)