ငွေဆောင် စက်တင်ဘာ ၄
ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ငွေဆောင်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်း က ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ နေအိမ်တွင် နေထိုင်ရေး (Home Stay) အစီအစဉ် အကျုံးဝင်သည့် မြို့နယ်(၇)မြို့နယ်မှ ဝင်ရောက် လာသူများအား ငွေဆောင်မြို့ ၂၈ မိုင်နှင့် အ.ထ.က ငွေဆောင်ကျောင်းတို့၌ (၂)နေရာခွဲ၍ quarantine center အဖြစ်ထားရှိရန်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ စနစ်တကျ လုပ်ဆောင်ကြရန် ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် လုပ်ဆောင်ကြရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
မူမူသွင်(ပြန်/ဆက်)