သာပေါင်း မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာဦးစီးဌာနမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းအုပ်များ၊ လက်ထောက် ဆရာ၊ ဆရာမများအား မြို့နယ်အဆင့် သင်ရိုးသစ် (Grade-8) ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က စတင်၍ သာပေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း သော်ကဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်မှ သင်တန်းဖွင့်လှစ်ပို့ချပေးရခြင်း ရည်ရွယ်ချက်များအား အဖွင့်အမှာစကားပြောကြားပြီး ပုသိမ်ခရိုင် ဦးစီးအရာရှိမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်ရိုးသစ်များအကြောင်းတို့အား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် သင်တန်းနည်းပြ ဆရာကြီး၊ ဆရာမကြီးများက သင်တန်းတတ်ရောက်လာကြသော သင်တန်းသား၊ သင်တန်းသူ (၄၆၀)ဦးတို့ကို သင်တန်းနည်းပြ(၄၂)ဦးက မေလ(၁၆ ရက်မှ မေလ ၁၈) ရက်နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်(၇)မျိုးတို့ကို စာသင်ခန်း (၁၅)ခန်းခွဲ၍ နေ့စဉ် နံနက် ၉ နာရီမှ ၃ နာရီခွဲ အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း