ဂန့်ဂေါမြို့တွင် ဟင်းခတ်မှုန့်များ ရောင်းချရာတွင် ကုန်ညွှန်းအမှတ်အသားများ ဖော်ပြခြင်းရှိမရှိ ကွင်းဆင်း စစ်ဆေး

ဂန့်ဂေါ စက်တင်ဘာ ၄

ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန တို့ ပူးပေါင်းပါဝင်သည့်အဖွဲ့သည် ယနေ့နံနက်တွင် ဂန့်ဂေါမြို့ မြို့မဈေး၌ ဟင်းခတ်မှုန့်ရောင်းချသည့် ဆိုင်များတွင် ရောင်းချလျက်ရှိသည့် ဟင်းခတ်မှုန့်များ၌ ကုန်ညွှန်းအမှတ်အသားများ ဖော်ပြပါရှိခြင်းရှိ၊မရှိ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့စစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ “AJINOMOTO အပါအဝင် ဟင်းခတ်မှုန့်များ ရောင်းချကြရာမှာ သတ်မှတ်ထားတဲ့ ကုန်ညွှန်းအမှတ်အသားများ ဖော်ပြပါရှိခြင်းရှိမရှိအပြင် MISTINE အလှကုန်များမှာ ကုန်ညွှန်း အမှတ်အသား ပါရှိခြင်းရှိမရှိ ကွင်းဆင်းစစ်ဆေးကြတာ ဖြစ်ပါတယ်” ဟု စားသုံးသူရေးရာဦးစီးဌာန ဂန့်ဂေါ မြို့နယ်တာဝန်ခံ ဒေါ်စိုးယုဆွေ က ပြောကြားခဲ့သည်။

ထိုသို့ စစ်ဆေးကြရာ၌ မြို့မဈေးအတွင်း ဟင်းခတ်မှုန့်နှင့် အလှကုန်ရောင်းချသည့်ဆိုင် ၇ ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ကုန်ညွှန်းအမှတ်အသားဖော်ပြခြင်းမရှိသည့် ပစ္စည်းများရောင်းချသူ တွေ့ရှိခြင်းမရှိကြောင်း သိရသည်။

တောင်သားမောင်သန်း