မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပန်းချီ သင်တန်းဖွင့်လှစ်

မအူပင် မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံပန်းချီသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့ သည်။

ရှေ့ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိုင်က နွေရာသီ အားလပ်ရက်များတွင် လူငယ်လူရွယ်များ အသိပညာ၊ အတတ်ပညာများ သင်ယူနိုင်ရေးအတွက် ရည်ရွယ်၍ မြို့နယ်အတွင်း ယခုလို အခြေခံပန်းချီ သင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနာယက ဆရာဦးပိုက်က ပန်းချီရေးရခြင်း၏ ရည်ရွယ်ချက်၊ လက်တွေ့ဆောင်ရွက်နိုင်မှုအခြေအနေ၊ ကျောင်းပညာရေးတွင် လက်တွေ့အသုံးဝင်နိုင်မည့် အခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် နွေရာသီအားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်သည့် အခွင့်အရေးများ ရရှိနိုင်ပြီး များစွာအကျိုးကျေးဇူးရှိ ပါကြောင်း သင်တန်းဖွင့်ကာလမှ သင်တန်းဆင်းချိန်အထိ အချိန်ပြည့် တက်ရောက်သင်ကြား စေလိုကြောင်း သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများ အနေဖြင့်လည်း အခြေခံပန်းချီသင်တန်းကို ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပြီး သင်တန်းအား ဆက်လက်သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ပြီး အခြေခံ ပန်းချီသင်တန်းကို မေလ ၁၆ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ (၂)ပတ် သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် (မအူပင်)