ချောက်၌ အခြေခံပညာသင်ရိုးသစ် Grade-8 မြို့နယ်အဆင့် (face to face) သင်တန်းဖွင့်လှစ် ပို့ချ

ချောက် ​မေ ၁၆

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မ​ကွေးတိုင်းဒေသကြီး၊​ ချောက်မြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် Grade-8 မြို့နယ်အဆင့် (face to face) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယ​နေ့ နံနက် နာရီ အချိန်က အထက(၁) မြရိပ်ညိုခန်းမ၌ ကျင်းပသည်။

အဆိုပါ သင်တန်းဖွင့်ပွဲတွင်​​ မြို့နယ်ပညာ​ရေးမှူး​ဒေါ်ခင်​လေးဖြူက ကျောင်းသား၊ ကျောင်းသူများ တီထွင်ဖန်တီးတတ်စေရန်၊ အတွေးအခေါ် ကောင်းများ ရှင်သန်စေရန်၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးတတ်စေရန်၊ လက်တွေ့ကျကျ အကောင်အထည် ဖော်တတ်စေရန်နှင့် ဆရာ၊ ဆရာမများ သင်ကြားပို့ချမှုများ အရည်အသွေးကောင်းမွန်စေရန် ရည်ရွယ်၍ သင်ရိုးသစ် (Grade–8) ဆင့်ပွားသင်တန်းကို သင်ကြားပို့ချရခြင်း ဖြစ်ကြောင်း သင်တန်းဖွင့်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်း ​ပြောကြားခဲ့သည်။

သင်တန်းတွင် တိုင်းအဆင့် (face to face) သင်တန်းတက်ရောက်ခဲ့သော ဆရာဆရာမ နည်းပြ (၃၄) ဦးမှ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ကာယပညာ ဘာသာရပ်များကို မေလ ၁၆ ရက်မှ ၁၈ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီချိန်ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ အခြေခံပညာအလယ်တန်းဆင့် သင်တန်းသား / သူ ဆရာဆရာမများ (၄၈၆) ဦး တက်ရောက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းကို မြို့နယ်ပညာရေးမှူးနှင့် ဒုတိယမြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)