မုံရွာ မေ ၁၆
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတု ကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများ ရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း၌ ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားအား ကျင်းပခဲ့သည်။
မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးစိုက်ပျိုးပွဲတော် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မုံရွာတက္ကသိုလ်မှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမူရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မုံရွာတက္ကသိုလ် ဆရာ/ဆရာမ များကိုယ်စား ပါမောက္ခချုပ်ထံ ပိတောက်ပင် အားလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မုံရွာခရိုင်ဦးစီးမှူထံ ဗာဒံပင်အားလည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ဌာနဆိုင်ရာဝန်ထမ်းများကိုယ်စား မီးသတ်ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးထံ ခရေပင်အား လည်းကောင်း၊ တိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့က ပျိုးပင်များအား တာဝန်ရှိသူများထံ အသီးသီးပေးအပ်ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပိတောက်ပင်အား စိုက်ပျိုးပေးပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက သက်မှတ်နေရာ များတွင် ပျိုးပင်များအား တပျော်တပါး စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်း သစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးကာ တာဝန်ရှိသူများအတူနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်း ခဲ့ကြသည်။
မုံရွာတက္ကသိုလ်ကျောင်းဝန်းအတွင်း ကျင်းပသော ၂၀၂၂-ခုနှစ်၊ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်တွင် ၄ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်ပင်မျိုးပေါင်း- ၂၂ မျိုး၊ ပျိုးပင်ပေါင်း - ၇၁၈ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြပြီး စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန အနေဖြင့် ၂၀၂၂-ခုနှစ်၊ မိုးရာသီတွင် သစ်တောစိုက်ခင်း - ၈၀ ဧက အတွင်း စိုက်ပျိုးပင်- ၇၃၃၅၀ ပင်၊ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ပျိုးပင် - ၃၆၀၀၀ ပင်၊ အထူး စိမ်းလန်းစိုပြည် ရေးစီမံကိန်းစိုက်ပျိုးပင် - ၃၃၅၀၀ ပင် ပျိုးပင်စုစုပေါင်း - ၁၄၂၈၅၀ ပင်တို့အား မိုးရာသီအတွင်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်