နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ဘားအံ)၌ သက်မွေးပညာရပ်ဆိုင်ရာသင်တန်းများဖွင့်လှစ်

ဘားအံ မေ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)၌ ဆောက်လုပ်ရေးသင်တန်းအမှတ်စဉ်(၁၂)၊ လျှပ်စစ်သင်တန်း အမှတ်စဉ်(၁၂)၊ မော်တော်ယာဉ်/စက်ပြင်သင်တန်းအမှတ်စဉ် (၁၁)နှင့် ဂဟေသင်တန်းအမှတ်စဉ်(၁၀)တို့၏ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အကြောင်းအမျိုးမျိုးကြောင့် ပညာရေး ဆုံးခန်းတိုင်အောင်မသင်ကြားနိုင်ခဲ့သည့် အမျိုးသား၊အမျိုးသမီးငယ်များ၏ ဘဝနောင်ရေးအတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာများကို တက်မြောက်စေဖို့ ရည်ရွယ်ကြောင်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (ဘားအံ)တွင် သင်တန်းများဖွင့်လှစ်၍ တိုင်းရင်းသားလူငယ် ၈၉၅ ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက်မှ ၈၄ ရာခိုင်နှုန်းသည် နယ်ပယ်ဒေသအသီးသီးရှိ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီလုပ်ငန်းများတွင် အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းကို အခမဲ့သင်ကြားပေးသည့်အပြင် နေထိုင်ရေး၊ စားသောက်ရေးနှင့်သင်တန်းသုံးပစ္စည်းများကို အခမဲ့ထောက်ပံ့ပေးသည့်အတွက် ထူးချွန်သူအမျိုးသား၊ အမျိုးသမီးကောင်းလေးများဖြစ်အောင် အစွမ်းကုန်ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် Sustainabridge ဘားအံရုံးမှ အစီအစဉ်ညှိနှိုင်းရေးမှူး ဦးစောတင်ဝင်းမြင့်က သင်တန်းဖွင့်လှစ်မှု အခြေအနေများကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းသားအိပ်ဆောင်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များမှာကြားသည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းများသည် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Sustainabridge (SB) တို့နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖွင့်လှစ်ခြင်းဖြစ်ပြီး စုစုပေါင်း သင်တန်းသား၊သင်တန်းသူ ၆၀ ဦးတက်ရောက်လျက်ရှိကာ သင်တန်းကာလမှာ မေလ ၁၆ ရက်နေ့မှ အောက်တိုဘာလ ၁၄ ရက်နေ့ထိ ရက်သတ္တပတ် ၂၂ ပတ်ကြာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)