၂၀၂၂ခုနှစ်၊​ လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training) (၁/၂၀၂၂) လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်း ဖွင့်လှစ်

ချောက် မေ ၁၆

မ​ကွေးတိုင်း​ဒေသကြီး၊ ချောက်မြို့၌ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ​ချောက်/လမ်းရွာ​ ရေနံ​မြေနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Goldpetrol ကုမ္ပဏီ၏  ၂၀၂၂ခုနှစ်၊​လူမှုရေးတာဝန်သိမှု (CSR)အစီအစဉ်ဖြင့် အသက်မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocation Education Training) (၁/၂၀၂၂) လူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်နည်းသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီအချိန်က အမှတ် ၂ လုပ်သားများ အပန်းဖြေရိပ်သာ ​ချောက်ရေနံ​မြေ လုပ်ငန်းခွင်သင်တန်း​ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ​ ချောက်/လမ်းရွာ​ ရေနံ​မြေအ​ထွေ​ထွေမန်​နေဂျာ ဦးရဲနိုင်မှ Goldpetrol ကုမ္ပဏီ၏ ၂၀၂၂ ခုနှစ် လူမှုရေးတာဝန်သိမှု CSR အစီအစဉ်ဖြင့်​ အသက်​မွေးဝမ်း​ကျောင်း ပညာသင်တန်း (Vocation Education Training) သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း​ပြောကြားရာတွင် "၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှစ၍ CSR လုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တစ်နှစ်ကို မြန်မာ့​ရေနံနှင့်သဘာဝဓာတ်​ငွေ့လုပ်ငန်းက ဘတ်ဂျက်အသစ်တွင်  သိန်းငါးထောင်၊ Goldpetrol က ဒေါ်လာခြောက်သောင်း ကာလတန်ဖိုး၊ ဒေါ်လာစျေး အတက်အကျပေါ်မူတည်ပြီး မြန်မာငွေသိန်းကိုးရာမှ သိန်းတစ်ထောင်ကြား တစ်နှစ်ကို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သိန်းခြောက်​ထောင် ရင်းနှီးမြှုပ်နှံ​ကြောင်း၊ ဇွန်လတွင် သီးနှံကို ​ခြေခံသော စားသောက်ကုန်ထုတ်လုပ်နည်းသင်တန်း၊ ဇူလိုင်လတွင်လည်း စားသောက်ကုန်ထုတ်လုပ်နည်း မုန့်သင်တန်း၊ ဩဂုတ်လတွင် ဆိုင်ကယ်ပြင်သင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး မ​ကွေးတိုင်း​ဒေသကြီး အ​သေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အသက်​မွေးဝမ်း​ကျောင်းပညာသင်တန်း (Vocation Education Training) ပေးခြင်းဖြင့်​ ဒေသတွင်း ပြည်သူများ အိမ်တွင်းမှုလုပ်ငန်းဖြင့် မိသားစုဝင်​ငွေ၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိလာ​စေရန် ရည်ရွယ်ကြောင်း ရှင်းလင်း​ပြောကြားခဲ့သည်။

သင်တန်းသို့ စိတ်ပါဝင်စားသူ သင်တန်းသား ကျား ၆ဦး၊ မ ၁၆ဦး၊ စုစု​ပေါင်း (၂၂)ဦး တက်ရောက်ခဲ့​ကြောင်း၊ သင်တန်းအား မေ ၁၆ရက်​နေ့ မှ ​မေ ၂၀ရက်​​နေ့အထိ၊​ နေ့စဉ် နံနက်၈နာရီခွဲမှ နံနက် ၁၁နာရီခွဲထိ၊ ​နေ့လယ် ၁နာရီမှ ည​နေ၄နာရီအထိ စာ​တွေ့လက်​တွေ့ သင်ကြားပို့ချသွားမည်ဖြစ်​ကြောင်း၊ သင်တန်းတွင် လူသုံးကုန်ပစ္စည်းထုတ်လုပ်နည်း (၁၅)မျိုး သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါ လူသုံးကုန်ပစ္စည်းများမှာ အဝတ်​​လျှော်ဆပ်ပြာဆီ၊ ပန်းကန်​ဆေးဆပ်ပြာဆီ၊ လက်​ဆေးဆပ်ပြာဆီ၊ Shampoo သဘာဝ​ခေါင်း​လျှော်ရည်၊ Shower ရှား​ဇောင်းသဘာဝ​ရေချိုးဆပ်ပြာ၊ Face and Body Sarup Foot ScrubHand Gel Hand SprayLip Scrub၊ မှန်ကြည်​ဆေးရည်၊ သဘာဝဆပ်ပြာခဲအမျိုးမျိုး၊ HairCoart တို့ သင်ကြားပို့ချသွားမည်ဖြစ်​ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်​ရေးမှူး ဦးစစ်ငြိမ်း​အေးနှင့် ဖိတ်ကြားထား​သော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုကူညီ​​ရေးအသင်းအဖွဲ့များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသူ/သင်တန်းသားများ တက်​ရောက်ခဲ့​ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)