ကန်ကြီးထောင့်မြို့နယ်၌ နေအိမ်ပြင်ပထွက်သူတိုင်း Mask တပ်ဆင်မှုရှိစေရေး စစ်ဆေးခြင်းများ အား အရှိန်အဟုန်မြှင့်ဆောင်ရွက်

ကန်ကြီးထောင့်   စက်တင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်း ချုပ်နိုင်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask) တပ်ဆင်မှုရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့နံနက် ၉ နာရီက တကုန်းကြီးကျေးရွာ ကားလမ်းဆုံနှင့် ဈေးတို့တွင် ပြည်သူများ Mask တပ်ဆင်မှုရှိ/မရှိ စစ် ဆေးခြင်းများ ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ တကုန်းကြီးလမ်းဆုံနှင့် ဈေးတို့တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအား Hand Speaker များဖြင့် အသိပေးကြေညာခြင်းနှင့် ဖြတ်သန်းသွားလာနေသည့် ပြည်သူများ Mask တပ်ဆင်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ရာ Mask မတပ်ဆင်သူ ၁၅ ဦး‌ တွေ့ရှိခဲ့ပြီး Mask ၃ ခုလျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ယခုဝယ် ယခုတပ် စနစ်ဖြင့် ဝယ်ယူတပ်ဆင်စေခြင်းများကို ဆောင်ရွက်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ် ပြင်ပထွက်သူတိုင်း Mask တပ်ဆင်မှုရှိစေရေး စစ်ဆေးကြပ်မတ်ခြင်းများကို အသိပညာပေးကာလ ၃ ရက်တာ ပြီးဆုံးသည့် ဩဂုတ် ၃၀ ရက်‌မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ နှာခေါင်းစည်း (Mask) မတပ်ဆင်သူ (၄၁) ဦးအား ယခုဝယ် ယခုတပ် စနစ်ဖြင့် ဝယ်ယူတပ်ဆင်စေခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ထံမှ သိရ သည်။

နန်းထိုက် (ပြန်/ဆက်)