လေးမျက်နှာမြို့နယ် စာရေးကွင်းကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတွင် တတိယအကြိမ်မြောက် မြစိမ်းရောင်ချေးငွေထုတ်ချေး

လေးမျက်နှာ မေ ၁၆

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ စာရေးကွင်းကျေးရွာအုပ်စု စစ်ကုန်းကျေးရွာတွင် ယနေ့ နံနက်ပိုင်း၌ တတိယအကြိမ်မြောက် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို စစ်ကုန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများ ပေါများစေရန် စီမံကိန်းများရေးဆွဲကာ ကွင်းဆင်းဆောင်ရွက်လျက် ရှိပြီး မြစိမ်းရောင်ချေးငွေ ထုတ်ချေးသည့် စီမံကိန်းလုပ်ငန်းသည်လည်း အပါအဝင်ဖြစ်ရာ စီမံကိန်းချေးငွေများဖြင့် ကျေးလက်နေပြည်သူများ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အဆိုပါ ကျေးရွာနေ စိုက်ပျိူးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် ကုန်ထုတ်လုပ်ငန်းများ လုပ်ကိုင်သူ စုစုပေါင်း (၈၈)ဦးအား တတိယအကြိမ်အဖြစ် အရင်း မပျောက် လည်ပတ်ရန်ပုံငွေကျပ် (၃၂၁)သိန်းကို နေ့ချင်းပြီး ထုတ်ချေးပေးခဲ့သည်။

အဆိုပါ မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကို လေးမျက်နှာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူ (လက်ထောက်ညွှန်ကြားရေးမှူး) ဦးဆောင်၍ ဝန်ထမ်းများမှ ပြည်သူများအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့် အညီ ထုတ်ချေး ပေးခဲ့ခြင်းဖြစ်သည်။

ကျော်ဟိန်း(ပြန်/ဆက်)